(၁)

`စောထ´နှင့်`စောဖိုးထ´ရွာက နာရီဝက်ခန့် ခြေလျင်လျှောက်လျှင် ရောက်၏။ မဝေး..။ အတတ်အဆင်း မရှိသည့်အတွက်လည်း ပင်ပန်းသည့်ခရီး မဟုတ်ဟု ထင်မိ၏။ သို့သော် .. `နွားလေးခို´ ဆေးခန်းအတွက် ကျနော်တို့နှင့်အတူ ဆေးပစ္စည်းများ ပါလာသည်။ D5W နှင့် D5S ဆားရည်ပုလင်းများပင် စက္ကူပါကင်များနှင့် ၆-ပါကင် ပါ၏။ အခြားဆေးများနှင့်ဆိုလျှင် .. အထမ်းသမား ၅ ဦးခန့် ထမ်းရမည့် ပစ္စည်းများ ဖြစ်သည်။ စောထက ရွာမဟုတ် …. ဈေးတန်းဖြစ်၍ ရွာလူကြီးဆီသွားပြီး `၀န်ထမ်း´ တောင်း၍မရ…..။ အထမ်းသမားငှားရန်လည်းမလွယ်….။ ၀န်တင်`လား`ရှာ၍လည်းမရ…..။ ခက်ပြီ။

မိုးက စဲသွားပြီးဖြစ်သော်လည်း အုံ့မှိုင်းနေသေးသည်။ နေမ၀င်မီ `စောဖိုးထ´ သို့ အရောက်သွားကြရမည်။ `စောဖိုးထ´ရောက်မှ ညစား ထမင်းချက်စားကြမည်။ မတတ်နိုင်…..။ ကျနော်တို့ ၄ ဦးပင် ဆေးပစ္စည်းများအား ထမ်းပိုးသွားရန်သာ ရှိတော့၏။ မျှ၍ ခွဲကြ၏။ တဦးလျှင် ၁၅ ကီလိုခန့် ထမ်းပိုးရန် ဝေစုရ၏။ ထမ်းပိုးစရာက မရှိ….။ မတတ်နိုင်….။ လုံချည်ကွင်းအတွင်း စုပုံထည့်ပြီး လုံချည်ကွင်းသိုင်း၍ ထမ်းကြရတော့၏။ ကျောပိုးအိတ်အတွင်း ထည့်၍ ထမ်းပိုးရခြင်း မဟုတ်သည့်အတွက် ပစ္စည်းများက ကျောပေါ်တွင် နေသားမကျ။ ဟန်ချက်မညီ….။ ဟန်ချက်မကျသည့်အတွက် ထမ်းရသည်မှာ ပို၍ခက်ခဲ၏။ လေးသည်ဟု ပိုထင်ရသည်။

စောထမှ ထွက်သည့်ခရီးတွင် ကျနော်တို့နှင့်အတူ `အမိုးကြီး´ တဦးလည်း ပါသည်။ သူလည်း KNU ၏ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်သို့ပင် သွားမည်ဖြစ်သည်။ သူ၏ ခင်ပွန်းက KNU ကျောက်ကြီးမြို့နယ် ဥက္ကဋ္ဌ……။ ဖဒိုအယ်မှူး….။ ဖဒိုအယ်မှူးက မော်လမြိုင်တက္ကသိုလ်တွင် ပညာသင်ခဲ့ဖူး၏။ ပဒိုမန်းရှာနှင့် သက်တူရွယ်တူခန့် ရှိမည်။ သူတို့အိမ်ကလေးက `ဟိတိုးထ´ ချောင်းဘေးတွင် ချောင်းအား မျက်နှာမူ၍ ဆောက်ထား၏။ သက်ကယ်မိုး၊ သဲပွက်ခင်း၊ သဲပွတ်ကာ တဲအိမ်လေးမျှသာ….။ လင်မယားနှစ်ဦးတည်းသာ နေကြ၏။ ကလေးများကိုမူ `ဖွေးဖေါ်လူ´ ကျောင်းတွင် ထား၏။ `ဖွေးဖေါ်လူ´ ကျောင်းက KNU ပညာရေးဌာနမှ ဖွင့်ထားသည့် အထက်တန်းကျောင်းဖြစ်သည်။ နယ်ကျောင်းသားများအတွက် `ဘော်ဒါ´ ရှိသည်။ `ဖွေးဖေါ်လူ´ ရွာက မှိုင်းလုံးကြီးချောင်းဘေးတွင် ရှိသည်။ `ဖွေးဖေါ်လူ´ တွင် ဗိုလ်ချုပ်မြ နေသည်။ အခြား KNU ၏ စစ်ဖက်နယ်ဖက် ခေါင်းဆောင်များလည်း နေကြသည်။ ထိုစဉ်က ….. ဖွေးဖေါ်လူသည် ဗိုလ်ချုပ်ရွာ ……။

(၂)

စောထဈေးတန်းအား လွန်သည်နှင့် တောင်ကြား လွင်ပြင်ငယ်အတွင်းသို့ ရောက်သည်။ လူသွားလမ်းက ဖုံသည်။ လမ်းဘေးဝဲယာတွင်မူ ခါးစောင်းခန့်ရှိမည့် မြက်ရိုင်းပင်များ….။ တောင်ကြားလွင်ပြင် ဆိုသော်လည်း မြင့်မားသည့် တောင်တန်းကြီးများက အဝေးတွင် …. အထပ်ထပ်နှင့်….။ အချို့က စိမ်းညှိ၍ နေသည်။ အချို့က ပြာမှိုင်းမှိုင်း ….။ တောင်ကြားလွင်ပြင်က ရေညီပြင်ကဲ့သို့ ပြန့်ပြူးနေသည်မဟုတ် ….. တောင်တန်းငယ်များ၊ ဆင်ခြေလျောများနှင့် …..။ တောင်ကုန်းငယ်များတွင် သစ်ကြီးဝါးကြီးဟူ၍ မရှိ…..ပြောင်၍ နေသည်။ လွန်ခဲ့သည့် ၃-၄ နှစ်ခန့်က တောင်ယာခုတ်ထားသည့် တောင်ယာကုန်းဟောင်းများဖြစ်မည်။

ဘောလုံးကွင်းတစ်ခုအား ကျနော်တို့ ဖြတ်ကြသည်။ ဘောလုံးကွင်းဟု ဆိုသော်လည်း ကွင်းအတွင်း မြက်ရိုင်းများက ပေါင်လယ်ခန့် တောထ၍နေသည်။ ဘောလုံးကွင်း၏ တဖက်၌ ခြံစည်းရိုးပျက်တခုအား တွေ့ရ၏။ စည်းရိုး၏ အတွင်းဘက်၌မူ ပြိုနေသည့် တဲတန်းရှည် နှစ်ခုအား တွေ့ရ၏။ ဘားတိုက်ဟောင်းများ ဖြစ်ခဲ့ဟန်တူသည်။

`အဲ့ဒါ …စောထ Camp လေ၊ ကျောင်းသားတပ်မတော် တပ်ရင်း ၂၁၀ နေရာဟောင်းပေါ့…..´

စောထစခန်း…..။

၁၉၈၈ ….. စက်တင်ဘာ အာဏာသိမ်းပြီးသည့်နောက် …. သပိတ်စခန်းအသီးသီးမှ သပိတ်တပ်သားတို့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် နယ်စပ်ဒေသအသီးသီးသို့ တောခိုခဲ့ကြသည်။ ကျောင်းသားလူငယ်များက အများစုဖြစ်သည်။ ဓား ဓားချင်း၊ လှံ လှံချင်း ၀ါဒီတို့အား ရင်ဆိုင်ရန်မှာ လက်နက်ကိုင်တိုက်ပွဲမှတပါး …. အခြားမရှိ။ အစုလိုက်၊ အပြုံလိုက် တောခိုကြသည်။ သပိတ်စခန်းနှင့်အနီးဆုံး လွတ်မြောက်ဒေသဆီသို့…..။

ဇေယျဝတီ၊ ဖြူး၊ တောင်ငူ၊ အုတ်တွင်း၊ ကညွှတ်ကွင်းဘက်မှ သပိတ်တပ်သားတို့ စောထသို့ရောက်ပြီး ဤနေရာတွင် စခန်းတည်ခဲ့ကြ၏။ စောထ Camp…..။ ထိုစဉ်က စောထ Camp တွင် သပိတ်တပ်သား ၃၀၀ ခန့်ရှိမည်။ အမျိုးသမီးများလည်း ပါသည်။ အမျိုးသမီးများက ၂၀ ခန့်ပင် ရှိမည်။ ထိုအထဲ၌ ….. ကိုကျော်ဦးလည်း ပါသည်။ သူက …. ဇေယျဝတီသား ဖြစ်သည်။ ညီအကို ၂ ယောက်ရှိသည့်အနက် သူက အငယ်ဖြစ်သည်။ သူ့အကိုကမူ အာဏာသိမ်း စစ်တပ်အတွင်း၌….။

သူက အာဏာသိမ်းစစ်အုပ်စုအား လက်နက်ကိုင်၍ တော်လှန်ရန် စောထသို့ ရောက်လာခဲ့၏။ ထိုစဉ်က သူ့အသက်သည် ၂၀ ၀န်းကျင်သာ ရှိသေး၏။ အသားညိုညို ပိန်ပိန်သွယ်သွယ်နှင့်….။ ဆံပင်အား ဘေးခွဲ၍ သပ်ရပ်စွာ ဖီးလေ့ရှိသည်။ မြို့ပြမှ ရောက်လာသည့် ကျောင်းသားတို့ ပထမဦးစွာ ရင်ဆိုင်ရသည်က ….. `ငှက်ဖျား´။ စောထသို့ရောက်ပြီး ၁၀ ရက်ခန့်ကြာသည်နှင့် ငှက်ဖျား၏ ထိုးစစ်ဆင်မှုအား အားလုံးခံရသည်။ အလူးအလဲ….။ လူနာကများပြီး ဆေးဝါးကနည်းနည်း….ကုသမှုက မပြည့်စုံ…..။ ဤအထဲ ကိုကျော်ဦးသည် ငှက်ဖျားဒဏ် အခံရဆုံးဟု ဆိုရမည်။ ငှက်ဖျားဖျက်ဆေးအား ပဲလှော်စားသလို စားနေရသည်။ ထိုစဉ်က ….ငှက်ဖျားဖျက်ဆေးက `ဖန်စီမက်´ဟု ခေါ်သည့် ဆေးဖြစ်သည်။ ကိုကျော်ဦးနှင့်`ဖန်စီမက်´ ပြတ်သည် မရှိခဲ့။ ထိုကြောင့်ပင် သူ့အား ရဲဘော်များက ကျော်ဦးဟု မခေါ်ကြ၊ ဖန်စီမက်ဟုပင် ခေါ်ကြတော့၏။

စောထစခန်းကော်မတီအားဖွဲ့၏။ ၈ ဦးနှင့်ဖွဲ့သည့် ၈ ဦးကော်မတီ ဖြစ်သည်။ ကော်မတီတွင် ကိုကျော်ဦးလည်း ပါသည်။ ဒု-စစ်ရေးတာဝန်ခံ အဖြစ်နှင့်…..။ ABSDF အား ဖွဲ့စည်းပြီးသည့်အခါ၌ စောထစခန်းသည် ABSDF ၏ တပ်ရင်း ၂၁၀ ဖြစ်လာသည်။ တပ်ရင်း ၂၁၀ တွင် ကိုကျော်ဦးက တပ်ခွဲမှူး….။

ကျနော်တို့ စောထ Camp ဟောင်းနေရာအား ကျော်ခဲ့ပြီ။ လမ်းသည် ဆင်ခြေလျော ပြေလျှော့လျှော့ ဆင်းသွား၏။ စောထ Camp နှင့် ကျောင်းသားတပ်မတော်တပ်ရင်း ၂၁၀ ၏ နေရာဟောင်းက အနောက်တွင် ကျန်ခဲ့ပြီ။

`ကိုယ့်ဘက်က အလှဲ့ကို ရောက်မှမနွဲ့သာ ...

စိုက်ခဲ့သမျှ တို့ ရိတ်သိမ်းရတော့မယ် ......

မကြေတဲ့အကြွေးဆပ်ရန် ချီတက်ခဲ့ပြီ .....

ရိုးမတောင်ခြေ နေရောင်မခတဲ့ တောင်တွေ ....

ငြိမ်းချမ်းနေ ....´

ကျနော်တို့ အရှေ့မှသွားနေသည့် ရဲဘော်တဦး၏ သီချင်းညည်းသံအား ကြားရ၏။ အရှေ့တွင် စောဖိုးထရွာအား တွေ့ရ၏။ ကျနော်တို့ စောဖိုးထရွာအတွင်းသို့ ၀င်ခဲ့သည်။ ရွာအ၀င်လမ်းက မော့မော့လေး တက်သွားရသည်။ ရွာက ကုန်းမို့မို့ပေါ်၌ တည်ထားသောရွာ….။ ရွာအတွင်းရှိ ဘုရားရှိခိုးကျောင်းမှ ဓမ္မတေးသံအား ကြားရ၏။ ခေါင်းလောင်းထိုးသံနှင့် ၀တ်ပြုဆုတောင်းသံတို့အား ရွာအတွင်း ပျံ့လွင့်၍ နေသည်။ ငြိမ်းချမ်းရေးတေးသံများ….။ ဘာသာတရားဆရာတို့ကား ငြိမ်းချမ်းရေးအတွက် ၀တ်ပြုဆုတောင်း၍ ဓမ္မတေးများအား ရွတ်ဆိုကြ၏။

အမေရိကန် သမ္မတကြီးတဦးကမူ …..`ငြိမ်းချမ်းရေးအတွက် ကျနော်တို့ စစ်ခင်းနေကြရတာပါ´ ဟု ဆိုသည်။

စစ်နှင့် ငြိမ်းချမ်းရေး ……။